မြန်မာလူငယ်ကြယ်ပွင့်တို့ကိုဆက်လက်ဦးဆောင်မယ့်ပဲ့ကိုင်ရှင်ရဲ့ရင်ဖွင့်သံ

သတင်း
မြန်မာလူငယ်ကြယ်ပွင့်တို့ကိုဆက်လက်ဦးဆောင်မယ့်ပဲ့ကိုင်ရှင်ရဲ့ရင်ဖွင့်သံ
BY TOTALSPORTS01
December 24, 2020
Unicode

မြန်မာ့လူငယ်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ပိုပေါဗ့်ဟာ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီလို့ သိရပြီး မြန်မာလူငယ်တွေကို ဆက်လက်တာဝန်ယူခွင့်ရခဲ့တဲ့အတွက် ကျေနပ်နေပါတယ်။

နည်းပြကြီး ပိုပေါဗ့်ဟာ မြန်မာယူ-၂၂အသင်းကို ပြီးခဲ့တဲ့ ဆီးဂိမ်းစ်မှာ ကြေးတံဆိပ်ရရှိပြီး အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ နောက်လာမယ့် ၂၀၂၁ခုနှစ်ကုန်အထိ မြန်မာလူငယ်အသင်းကို ဆက်လက်တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။

ဘူဂေးလ်ရီးယားလူမျိုး နည်းပြဖြစ်တဲ့ ပိုပေါဗ့်ဟာ မြန်မာလူငယ်အသင်းကို လာမယ့် ၂၀၂၁ခုနှစ် အတွင်းမှာ ကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ AFC ယူ-၂၃ချန်ပီယံရှစ် ခြေစစ်ပွဲနဲ့ အာဆီယံယူ-၂၂ ချန်ပီယံရှစ်တို့မှာ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

မြန်မာလူငယ်တို့ကို ဆက်လက် ပဲ့ကိုင်ဦးမယ့်နည်းပြကြီး ပိုပေါဗ့်က သူ့ရဲ့ ဆိုရှယ် မီဒီယာကနေ “ကမ္ဘာမကြေ” ဆိုတဲ့ စာသားနဲ့ အစချီပြီး မြန်မာလူငယ်အသင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်တွေ၊ လာမယ့်အနာဂတ်အတွက် အစီအစဉ်တွေကို ရေးသားအသိပေးသွားခဲ့ပါတယ်။

နည်းပြကြီး ပိုပေါ့ဗ်က “ကမ်းလှမ်းခံခဲ့ရလို့ ဝမ်းသာမိပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်MFFရဲ့ ၂၀၂၁ နှစ်ကုန်အထိ နောက်ထပ်တစ်နှစ် ကျွန်တော့်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ကျွန်တော် လက်ခံလိုက်ပြီလို့ အတည်ပြုပါတယ်”

“၂၀၁၉ အတွင်း နည်းစနစ်ပိုင်း၊ နည်းဗျုဟာပိုင်း၊ ကြံခိုင်မှုပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေမှာ ကျွန်တော်တို့ အများကြီး တိုးတက်ခဲ့ပြီးသားပါ။ အသင်းလိုက် စုစည်းမှုအပိုင်းနဲ့ ကစားသမား တစ်ဦးချင်းမှာလည်း တိုးတက်မှုတွေ ရှိနေပါတယ်။ ၂၀၂၀ ကပ်ရောဂါကာလကတော့ ခက်ခဲစေခဲ့ပါတယ်။ ကျွန်တော်တို့ လိုချင်ခဲ့တဲ့ တိုးတက်မှုတွေကို မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် လာမယ့် ၂၀၂၁ အနာဂတ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။ လာမယ့် နှစ်မှာ ကျွန်တော်တို့ ရောက်ရှိချင်တဲ့ နေရာဟာ ဝေးကွာနေပါသေးတယ်။ ဒါကြောင့် ပိုပြီးတိုးတက်အောင် လုပ်ဆောင်ဖို့နဲ့ ပိုပြီးကြီးမားတဲ့ အောင်မြင်မှုတွေရဖို့ ကျွန်တော်တို့ ဆက်လက်ပြီး ကြိုးစားသွားမှာပါ”

“မြန်မာဘောလုံးအဖွဲ့ချုပ် MFFနဲ့ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတွေကို ကျေးဇူးတင်ပါတယ်။ ၂၀၂၁မှာ အရေးကြီးတဲ့ ပြိုင်ပွဲတွေဖြစ်တဲ့ ဆီးဂိမ်းစ်၊ AFC ခြေစစ်ပွဲ၊ AFF ချန်ပီယံရှစ်တို့အတွက် ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုတွေကို ရာသီကြိုစခန်းဝင်လေ့ကျင့်မှုနဲ့အတူ လာမယ့် ဇန်နဝါရီ ၁၀ရက်ကနေ မတ်လ ၁၄ရက်နေ့အထိ စတင်သွားမှာပါ”

“ပျော်ရွှင်စရာခရစ္စမတ်ကာလနဲ့ ပျော်ရွှင်စရာကောင်းပြီး စီးပွားဥစ္စာဒီရေအလား တိုးတက်တဲ့ ၂၀၂၁ ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်”လို့ နည်းပြကြီး ပိုပေါ့ဗ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားသွားခဲ့ပါတယ်။

ပိုပေါ့ဗ်ရဲ့လက်အောက်မှာ မြန်မာလူငယ်တိုက်စစ်မှူး အောင်ကောင်းမာန်ရဲ့ ခြေစွမ်းတွေဟာ သိသိသာသာ တိုးတက်လာခဲ့သလို မြန်မာလူငယ်တွေအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပြီး နိုင်လိုစိတ်ပြင်းပြတဲ့ သူ့ရဲ့ ကွင်းဘေးက ညွန်ကြားမှုတွေကလည်း တမူထူးခြားပါတယ်။

နောက်ထပ် မျိုးဆက်တစ်ခုမှာလည်း နည်းပြကြီးပိုပေါဗ့် ဘယ်လို အဆင့်မီ ကစားသမားမျိုးတွေကို မွေးထုတ်ပေးမလဲဆိုတာဟာ စိတ်ဝင်စားဖို့ ကောင်းနေပြီး အသင်းလိုက် အောင်မြင်မှုတွေပါ မြန်မာအသင်းအတွက် ရယူပေးနိုင်ဦးမလားဆိုတာကလည်း ဆက်လက် စောင့်ကြည့်ရမှာပါ။