မြန်မာယူ -၂၂ အသင်းနည်းပြချုပ်ဖြစ်သူ ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ပြင်ဆင်မှုကောင်းစွာရရှိခဲ့မည်ဆိုပါက ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် အုပ်စုတွင်းပြိုင်ဘက်အားလုံးကို အနိုင်ယူပြနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း Eleven Sports သို့ ပြောကြားခဲ့သည်။
ပိုပေါ့ဗ်က ”ကျွန်တော့်အတွက်တော့ အုပ်စုတွင်းအသင်းအားလုံးက အခွင့်အရေးတန်းတူရှိနေတယ်လို့ပဲယူဆပါတယ်။ တစ်သင်းတည်းကို ရွေးထုတ်ပြီး ခန့်မှန်းဖို့ကတော့ မလွယ်ပါဘူး။ ဘယ်အသင်းကိုမှ မလေးမစားလုပ်လို့မရတဲ့အခြေအနေပါ။ ဒီအုပ်စုအနေအထားအရ ကျွန်တော်တို့အသင်းအတွက် နောက်တစ်ဆင့်တက်ဖို့မဖြစ်နိုင်စရာ မရှိဘူးလို့ယုံကြည်တယ်။ ပြိုင်ဘက်အသင်းတိုင်းကို ကျွန်တော်လေးစားပါတယ်။ စာရွက်ပေါ်မှာဆိုရင်တော့ ဗီယက်နမ်အသင်းက ရေပန်းအစားဆုံးအသင်းဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် ဘောလုံးပွဲတစ်ပွဲက ကစားသမား (၁၁) ယောက်ချင်းကစားရတာပါ။ အဲ့ဒီတော့ အခွင့်အရေးကလည်း နှစ်သင်းစလုံးမှာရှိပါတယ်။ ဟောင်ကောင်အသင်းဆိုရင်လည်း ကျွန်တော့်အတွက် ခန့်မှန်းရ အတော်မလွယ်ပါဘူး။ ကလပ်အသင်းအဆင့်မှာဆိုရင် သူတို့ရဲ့ကစ်ချီအသင်းက ဒီနှစ် အာရှချန်ပီယံလိဂ်ကိုတက်ကစားနေတာပါ။ တိုင်ပေအသင်းကတော့ အိမ်ရှင်ပါ။ အိမ်ရှင်ဆိုတော့ အိမ်ရှင်အခွင့်အရေးအပြည့်အဝရမယ်ဆိုတာ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။ ဒီအုပ်စုအနေအထားက ကျွန်တော့်အတွက် ပြဿနာမရှိဘူး။ ကျွန်တော့်အတွက် အရေးကြီးတာက ကျွန်တော့်အသင်း ကောင်းကောင်းကစားနိုင်ဖို့ပါပဲ။ ကျွန်တော့်အသင်း ကောင်းကောင်းကစားနိုင်မယ်ဆိုရင် အုပ်စုတွင်းပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ပါတယ်။ ကျွန်တော့်အသင်း ကောင်းကောင်းကစားနိုင်ဖို ့ပြင်ဆင်မှု ကောင်းကောင်းရဖို့လည်းလိုပါတယ်။ ဒီခြေစစ်ပွဲအတွက် ကျွန်တော့်အသင်းကို ပြင်ဆင်မှုကောင်းကောင်းလုပ်နိုင်မယ့်အခွင့်အရေး ရချင်တယ်။ ကျွန်တော့်မှာ လုပ်ပြဖို့အစီအစဉ်တွေရှိပြီးသားပါ။ ကျွန်တော် ပြောနိုင်တယ်ဗျာ။ ပြင်ဆင်မှုကောင်းကောင်းသာရရင် ကျွန်တော်တို့ ပြိုင်ဘက်တိုင်းကို အနိုင်ရမယ်”ဟု ပြောကြားခဲ့သည်။
မြန်မာယူ-၂၂ အသင်းသည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် အုပ်စု (I) ၌ ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ်တိုင်ပေအသင်းတို့နှင့်အတူကျရောက်နေသည်။
အုပ်စု (I) ပွဲစဉ်များကို တရုတ်တိုင်ပေက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲစဉ်များကို အောက်တိုဘာ (၂၇) ရက်မှ (၃၁) ရက်အထိ ကျင်းပမည်ဖြစ်သည်။